Saturday, July 12, 2008

စစ်အစိုးရနှင့် ကျောင်းသား

ဒီနေ့ ဟစ်တိုင်မှာ ဖတ်လိုက်ရတာက မြန်မာ့နိင်ငံက တက္ကသိုလ် ဆရာ ၊ ဆရာမ တွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြိတ် စသော တက္ကသိုလ်များတွင် တက္ကသိုလ်ပညာရေးကို ပြန်လည် အဆင့်မြှင့်ရန် ကြိုးစားမှုမှာ ရာနှုန်းပြည့် မအောင်မြင်သေးပါဘူးတဲ့ ဖတ်လိုက်ရတယ်။

“ကျောင်းတွေ မြို့ပြင်ထုတ်ချင်ရင် ကျောင်းသားတွေ ကျောင်းအိပ်ကျောင်းစား တက်လို့ရအောင် အဆောင်တွေ လုပ်ပေးရမယ်။ မြန်မာပြည် အနေအထားအရ ဒီအဆောင်တွေမှာ ကျောင်းသားမိဘတွေ ကလေးတွေကို ဈေးသက်သက်သာသာနဲ့ ထားနိုင်အောင် လုပ်ပေးရမယ်။ နေ့ကျောင်းတက်တဲ့ ကလေးတွေ များရင် သွားလာရေးအဆင်ပြေအောင် လုပ်ပေးရမယ်။ ဒီအခြေခံတွေ ဘာမှ မရှိဘဲ တက္ကသိုလ်တွေ ဖွင့်တာလဲ အပြစ်တော့ မတင်မိဘူး။ မဖွင့်တာနဲ့စာရင် တော်သေးတာပေါ့။ မတော်တာက ခုထိ ဘာမှ ပြင်မပေးဘဲ ဒီတိုင်း လွှတ်ထားတာ” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း ကွန်ပျူတာပညာရှင် တဦးက ပြောကြားသည်။


“ စာသင်ချိန် ၊ ပရက်တီကယ် အချိန်တွေမှာ လူစားထိုးခိုင်းတယ် ၊ ကင်တင်း ထိုင်နေကြပါတယ်တဲ့။ ကျောင်းစာသင်ချိန် အတွင်း ကျောင်းခန်းထဲမှာ ရှိရမယ် ဆိုတဲ့ ကျောင်းအုပ်ကြီးတွေကိုလည်း သူတို့ ကျောင်းသား များက မကြေနပ်ကြပါဘူးတဲ့ ” ။


ကဲ စပြီးပြောတော့မယ်။ အရေးအခင်း ဖြစ်ပြီးတဲ့က အစိုးရက နောက်တခါ ကျောင်းသား အုံကြွမှု ဖြစ်မှာဆိုးလို့ ကျောင်းတွေကို မြို့ပြင်ထုတ်လိုက်တဲ့ အခါမှာ သူတို့အတွက်ကတော့ စိတ်အေးသွားရတာပေါ့။ နောက်တခါ ထပ်ဖြစ် တံတားကနေ ပိတ်ထားရုံပဲလေ။ ဘယ်ကောင် ရေကူးပြီး လာမလဲ။ တော်တော် ကျွမ်းကျင်တယ်ဆိုတဲ့ လူတောင် ဒီချောင်းတွေကို ကူးရဲဖို့မလွယ်ဘူး။ ဒီတော့ ကူးပါစေဦး ။ မောမောနဲ့ ကမ်းပေါ်တက်လာမှ ရင်ဝပြန်ကန်ချမယ်စတိုင်။ ဒီတော့ သေနတ်တောင် သုံးစရာ မလိုဘူး။ အေးဆေးပဲ။ ဒါက အစိုးရရဲ့ ခြေလှမ်း ။ ကျုပ်ရိုးရိုးလေးပဲ တွေးတာနော်။ အပိုတွေ မပြောဘူး။ ခေတ်စကားနဲ့ ပြောရရင်...အိုးဟို သိပ်ပိုင်တဲ့ မင်းပဲပေါ့။


နောက်တစ်နည်း - ကျောင်းတွေကို မြို့ပြင်ထုတ်တော့ ဘာဖြစ်လဲ ၊ ကျောင်းသားတွေ ကားစီးလေ။ မနက် ၇ နာရီလောက်ကတည်းက ကျောင်းချိန်မီဖို့ ကားထစီးလာရတယ်။ သက်တောင့် သက်သာ ကျောင်းကားများ မထင်နဲ့ ၊ လိုင်းကားကို ပြည်သူနဲ့ တိုးစီးလာရတာ။ ပိုက်ဆံမချမ်းသာရင်တော့ တိုးစီးရမှာပဲ။ ဒီတော့ ကျောင်းသားက ပင်ပန်းတယ် ၊ ဟိုရောက်တော့ ကျောင်းအရင် မသွားဘူး။ ကန်တင်းထိုင်တယ် ။ ဒါအပြစ်ပြောလို့ မရဘူး။ သူအနားယူမယ်လေ။ မနက်စာ စားမယ်။ လူငယ်ပဲ။ အိမ်က ထွက်လာရင် သူဟာ မိဘအုပ်ထိန်းမှု့မှာ မရှိတော့ဘူး။ အားလုံးပြီးတော့ ဘာဖြစ်မလဲ ဥပမာ အဆွယ်ကောင်းရင် - ကျောင်းမတက်ချင်တဲ့ တစ်ယောက်ကများ လာကွာ ၊ အပြင်သွားရအောင်ဆို နဂိုက အတန်းထဲ စာက စိတ်မပါတာက တစ်မျိုး ၊ ပိုက်ဆံချေးထားတာ မျက်နှာပူလို့ မတွေ့ချင်တာက တစ်မျိုး ၊ ဆရာဆရာမနဲ့ မတည့်လို့ မျက်နှာချင်း မဆိုင်ချင်တာက တစ်မျိုး ၊ စတဲ့ အမျိုးမျိုးနှင့် အပြင်နောက်လိုက်ဖြစ်သွားရော။


ကျောင်းတက်တဲ့ ကျောင်းသားကရော စာသင်ခန်းထဲ ရောက်နေရင်တောင် စိတ်ပါရဲ့လား။ အိမ်က မိသားစု အကြောင်း ၊ ရည်စားအကြောင်း ၊ အလုပ်ထဲက အကြောင်း ၊ သူငယ်ချင်းအကြောင်း တွေးနေမှာလား။ ဒီလိုတွေ အမျိုးမျိုးရှိတယ်လေ။ လူငယ်ဆိုတာက ပျော်ပါးမှု့ကို သိပ်စိတ်ဝင်စားတယ် မဟုတ်လား။ ပြီးတော့ ကျောင်းဆိုတာက ကိုယ်နဲ့ရွယ်တူတွေကြီးပဲ ဆိုတော့ ပေါင်းရသင်းရ ကောင်းတယ်လေ။ စာသင်ချိန် စာသင်ခန်းထဲမရှိတာနဲ့တင် မြန်မာပညာရေး လောကဟာ တဖြည်းဖြည်းနဲ့ နိမ့်ကြလာမှာပါပဲ။ ဆရာ၊ဆရာမတွေကိုတော့ ကျုပ်ဘယ်တော့မှ အပြစ်မပြောဘူး။ စားမလောက်တဲ့ လခနဲ့ စာသင်ပေးနေတဲ့ စေတနာ ကိုလေးစားပြီးသား။ ဆရာဆိုတာ မကောင်းတဲ့လူ ဖြစ်ဖို့ အခွင့်အလမ်း အနည်းပါးဆုံးပဲ။


မြန်မာပြည်မှာ ဘွဲ့ရတွေ ပုံ ၊ ပညာရပ်ဆိုင်ရာ တက်လား ဆိုတော့လည်း ဟုတ်တိပတ်တိ မဟုတ် ၊ ဒီကြားထဲ အစိုးရကလည်း ထင်ရာစိုင်း ၊ ကျောင်းသားတွေကလည်း ပညာရေးထက် ငွေရေး ကြေးရေးကို စားဝတ်နေရေးအတွက် အဓိကရှာနဲ့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာနေပါပြီ။


တာဝန်ရှိသူမှာ တာဝန်ရှိတယ်လို့ ဆိုပြန်ရင်လည်း ဘယ်သူ့မှာ တာဝန်ရှိသနည်းဆိုတော့ နှစ်ဦးနှစ်ဖက် စလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့်တော့ စစ်အစိုးရပေါ့။ သူတို့က လုပ်ပိုင်ခွင့် အာဏာရှိတာကိုး။ အစိုးရက ဖြစ်သလို လုပ် ၊ ကျောင်းသားကလည်း ဖြစ်သလိုနေ ။ နိင်ငံတစ်နိင်ငံရဲ့ မျိုးဆက်သစ်ဟာ ကျောင်းသား ဖြစ်တာကြောင့် ဒီကျောင်းသားတွေမှ မကောင်းလာရင် နောင် မြန်မာနိင်ငံရဲ့ အနာဂတ်ဟာလည်း စုတ်ပြက်သတ်ဖို့ပဲ ရှိနေပါတော့တယ် လို့ ပြောကြားချင်ပါတယ်။


2 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဂျာအေးကို သူ့အမေရိုက်ကဗျာ အတိုင်းပါပဲဗျာ ။လုံးချာလည်နေတော့တာပါပဲ ။ပြောရမှာတွေ ၊ လုပ်ရမှာတွေက များလွန်းနေပြီဗျ။အချိန်မှီဆိုတဲ့ စကားက ပြောလို့မရတော့ဘူး ။
ကျနော်က နဲနဲ အဆိုးမြင်တာလည်း ဖြစ်မှာပါ။ ဘာပဲပြောပြော ခုလို ရေးတာလေး ဖတ်ရတော့ တစ်တပ်တအားလေး ရှိလာတာမို့ ၀မ်းသာပါတယ်ဗျာ။

ရှာဖွေသူ said...

ပထမဆုံး ကော်မန့်အတွက်
ကျေးဇူးပါ။ တာတူး။

အမှန်တရားအတွက်...အမှန်တရားအတွက်